About Us

Myanmar Resource Watch  သည် လွတ်လပ်ပြီး ဘက်မလိုက်သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံသည် မြေပေါ်မြေအောက်သယံဇာတမျိုးစုံပေါကြွယ်ဝသော နိုင်ငံဖြစ်သော်လည်း နိုင်ငံ၏သယံဇာတအကျိုးအမြတ်များကို ပြည်သူများသည် ခေတ်အဆက်ဆက် အကျိုးခံစားခွင့်မရခဲ့ကြပေ။ လွတ်လပ်ရေးရပြီးချိန်မှစ၍ စစ်အာဏာရှင်များကသာ နိုင်ငံတော်အာဏာကို မတရားရယူအုပ်ချုပ်ခဲ့ပြီး နိုင်ငံ၏သယံဇာတအဆီအနှစ်များကိုလည်း စစ်အာဏာရှင်များ၊ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် စစ်တပ်လက်ဝေခံခရိုနီများကသာ ရယူခံစားခဲ့ကြသည်။ သယံဇာတနှင့် ပဋိပက္ခဖြစ်ပွားမှုများသည် ဆက်စပ်နေပြီး တိုင်းရင်းသားဒေသများတွင် နှစ်ပေါင်း ၇၀ ကျော်ကြာဖြစ်ပွားနေခဲ့သော ပြည်တွင်းစစ်တွင် သယံဇာခွဲဝေရယူလိုမှုသည်လည်း အဓိကအကြောင်းရင်းအဖြစ် ပါဝင်နေသည်။ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်စေရန် သယံဇာတစီမံခန့်ခွဲမှု၊ တူးဖော်ထုတ်လုပ်မှုနှင့် ထိုလုပ်ငန်းစဉ်များအားလုံးပွင့်လင်းမြင်သာရှိမှုသည် အရေးကြီးသောအခန်းတွင်ပါဝင်နေသည်။ ထို့ကြောင့် နိုင်ငံ၏သယံဇာတစီမံခန့်ခွဲမှုများနှင့် တူးဖော်ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ သယံဇာတစီမံကိန်းကြီးများကို ပြည်သူများစိတ်ပါဝင်စားပြီး စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် အသိပညာပေးသော အဖွဲ့အစည်းများလိုအပ်နေပြီး Myanmar Resource Watch အနေဖြင့် ထိုအခန်းကဏ္ဍတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီနိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။